ရင်သွေးလေး ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်ရင်
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တာက ကလေးကို ဘဝတစ်လျှောက်မှာ နှစ်လိုဖွယ်ကောင်းပြီး အောင်မြင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းစေနိုင်ပါတယ်။ ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ ကလေးအဖြစ် ပျိုးထောင်ပေးခြင်းကလည်း မိဘဝတ္ထရားတွေထဲမှာ တစ်ခု အပါအဝင်ပါ။
ပေါင်းသင်းဆက်ဆံရေးဆိုတဲ့နေရာမှာ အပြုအမူပိုင်းရော စိတ်ခံစားမှုပိုင်းပါ ပါဝင်နေတာပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ ကလေးတစ်ယောက်က အခြားသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်သလို စိတ်ခံစားမှုကိုလည်း ထိန်းချုပ်နိုင်မှာပါ။ အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းလည်း မြင့်မားသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝစွာနဲ့ ကြီးပြင်း အရွယ်ရောက်လာမှာပါ။ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ သည်းခံနိုင်စွမ်း မြင့်မားကြသလို မိတ်ဆွေအပေါင်းအသင်းလည်း ပေါကြပါတယ်။
ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ ကလေးလေးအဖြစ် ကြီးပြင်းစေချင်တယ်ဆိုရင် ဖေဖေမေမေတို့ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့
- ကလေးရဲ့ စိတ်ဝင်စားရာကို ပေးလုပ်ပါ - ကလေးတိုင်းမှာ သူတို့ စိတ်ဝင်စားရာ ကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် ကလေးကို စိတ်ဝင်စားရာကို အားပေးကူညီရင်း ပေးလုပ်ဆောင်ပါ။ ကလေးကို နှစ်သက်ရာ အားကစားကို ပေးလုပ်တာ၊ ဂီတတစ်ခုခုကို ပေးလုပ်တာမျိုးပေါ့။ ဒီလို လုပ်တာက ဝါသနာတူ သူငယ်ချင်းတွေ ရစေနိုင်သလို ကလေးကိုလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းစေမှာပါ။
- မေးခွန်းမေးတတ်အောင် လုပ်ပေးထားပါ - ကလေးတွေကို မေးခွန်းမေးတတ်တဲ့ အလေ့အကျင့်လေး လုပ်ပေးထားတာက ကလေးကို ပွင့်လင်းခင်မင်စရာကောင်းတဲ့ ကလေးလေးအဖြစ် ကြီးပြင်းလာစေမှာပါ။ ဒါကြောင့် ကလေးက မေးခွန်းထုတ်ရင် ဖြေပေးဖို့ အသင့်ပြင်ထားပါ။ မေးခွန်းမထုတ်တတ်ရင်လည်း မေးခွန်းလေးတွေ မေးတတ်အောင် သင်ထားပေးပါ။
- ဇာတ်ရုပ်အမျိုးမျိုးအဖြစ် ပါဝင်ကစားစေပါ - ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်တယ်ဆိုရင် သူမဟုတ်တဲ့ အခြားသူ တစ်ဦးအဖြစ် ဇာတ်ရုပ်အမျိုးမျိုးမှာ ပါဝင်ကစားခွင့် ပြုပေးပါ။ ဒီလို ကစားခွင့်ပေးလိုက်တာက ကလေးကို အခြားသူတွေနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်း တိုးစေပြီး ဆက်ဆံရေးကောင်းသူအဖြစ် ကြီးပြင်းလာစေမှာပါ။ ဒီလို ကစားချိန်မှာ မျက်လုံးဆုံတတ်ဖို့၊ စကားပြောဆိုမှုတွေ နဲ့ အခြားသော သတိထားရမယ့် အချက်လေးတွေကိုပါ ပါအောင် သင်ပေးပါ။ ပြုံးပြပြောဆိုတတ်ဖို့လည်း သင်ပေးဖို့ မမေ့ပါနဲ့။
- ကလေးရဲ့ အတိုင်းအတာကို သိရှိပါ - ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်ချင်းက မတူကြပါဘူး။ ကလေးက တစ်ယောက်တည်းနေရတာကို နှစ်သက်တတ်သူဆိုရင် အရမ်းတွန်းအားပေးတာမျိုးက သူ့ကို ဝန်ပိစေပါတယ်။ ဒါကြောင့် ကလေးရဲ့ အတိုင်းအတာကို အရင်သိဖို့လည်း ကြိုးစားပါ။
- ကိုယ်တိုင်က စံပြဖြစ်ပါစေ - ကလေးတွေရဲ့ သင်ဆရာ မြင်ဆရာ အကုန်လုံးက မိဘတွေပါ။ ဒါကြောင့် ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်တယ်ဆိုရင် မိဘတွေ ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေ ကောင်းအောင် အရင် သတိထားဖို့ လိုပါမယ်။
ဒီအချက်လေးတွေကို ဂရုစိုက်ပေးတာက ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းသူလေးအဖြစ် အရွယ်ရောက်လာစေမှာပါ။
မွန်မွန်